ဂန့်ဂေါမြို့နယ်တွင် ရေဘေးအန္တရာယ်၊ မြေပြိုဘေးအန္တရာယ် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ

ဂန့်ဂေါ ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ပြည်သူများ ရေဘေးအန္တရာယ်၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို သိရှိစေရန်အတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့နံနက် ၈ နာရီအချိန်က ဂန့်ဂေါမြို့မြစ်သာမြစ် ကမ်းဘေးရှိနေအိမ်များသို့ သွားရောက်၍ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ရာတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဂန့်ဂေါမြို့ပေါ်ရှိ ရပ်ကွက်များသို့လှည့်လည်ကာ အသံချဲ့စက်ဖြင့် ရေဘေးအန္တရာယ်၊ မြေပြိုဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ပြည်သူများလိုက်နာ ဆောင်ရွက်ရန်အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များ၊ မဖြစ်ခင် ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ ဖြစ်နေစဉ်နှင့်ဖြစ်ပွားပြီးနောက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရွက်ရန်/ ရှောင်ရန်အချက်များကို အသိပေးနှိုးဆော်ဆောင်ရွက်ပြီး မြစ်ကမ်းဘေးရှိ ရေဝင်ရောက်နိုင်သည့် နေအိမ်များနှင့် မြို့ဝင်/မြို့ထွက် ရှိလူစည်ကားရာနေရာများတွင် ရေဘေးနှင့်မြေပြိုဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မောင်မျိုးမင်း(ပြန်/ဆက်)