အုတ်တွင်း ဇူလိုင် ၅
အုတ်တွင်းမြို့နယ်၊ ခင်တန်းကျေးရွာ ဘဝအဖော်မွန် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်၏ ရန်ပုံငွေဖြင့် (၆)ကြိမ်မြောက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းပွဲကို ယနေ့တွင် အ.မ.က(မူလွန်) ခင်တန်းကျောင်း၌ ပြုလုပ်သည်။
အခမ်းအနားတွင် ဘဝအဖော်မွန်ကျေးရွာစာကြည့်တိုက်မှ စာကြည့်တိုက်မှူး ဦးမြင့်ငွေမှ စာကြည့်တိုက်ရန်ပုံငွေဖြင့် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး အ.မ.က(မူလွန်) ခင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ချိုချိုဟန်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် စာကြည့်တိုက်ကော်မတီဝင်များမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့သည်။
ဘဝအဖော်မွန် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်ရန်ပုံငွေဖြင့် အ.မ.က(မူလွန်) ခင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅၂)ဦးအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ တန်ဖိုးငွေကျပ် (၁၂)သိန်းကျော် ပေးအပ်လှူဒါန်းကြောင်း စာကြည့်တိုက်ကော်မတီဝင်ထံမှ သိရသည်။
အုတ်တွင်း(ပြန်/ဆက်)