ရွှေဘို ဇူလိုင် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုသူနာပြု-သားဖွားသင်တန်းကျောင်း၊ အပတ်စဥ်(၄) သူနာပြု သားဖွားဒီပလိုမာသင်တန်း၏ သင်တန်းသား/သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီချိန်က အဆိုပါကျောင်းရှိ သပြေညိုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ အမှတ်(၅) စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူးနှင့် အရာရှိစစ်သည်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဆေးရုံအုပ်ကြီး၊ ကျောင်းအုပ်ဆရာမကြီး၊ သူနာပြုအုပ်ဆရာမကြီးများနှင့် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကားပြောကြားရာ ကမ္ဘာ့ပြည်သူလူထုကျန်းမာရေး အဆင့်မြင့်မားစေရေးအတွက် မြှင့်တင်ကြရာတွင် သူနာပြုများ၏ အခန်းကဏ္ဍသည် များစွာအရေးကြီးပါကြောင်း၊ ပြည်သူအားလုံးအတွက် လက်တွေ့ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်အခါ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ အကြင်နာ၊ ကရုဏာ-နာ ၅ နာဖြင့် ပြုစုစောင့်ရှောက်မှုများ ပေးသွားရန်လိုအပ်ပါကြောင်း၊ အရည်အချင်းပြည့်ဝ၊ ဘက်စုံထူးချွန်ပြီး ပြည်သူအားကိုးရသော သူနာပြုဆရာ၊ ဆရာမများဖြစ်အောင်ကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး၊ သူနာပြုသင်တန်းကျောင်းပညာရေးအဖွဲ့ဥက္ကဋ္ဌကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသွယ်မိုးက သင်တန်းရေးရာများ၊ ဂျူတီကုတ်နှင့်သူနာပြုဦးဆောင်းအပ်နှင်းရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ဆက်လက်၍ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး သင်တန်းသား/သူများ၏ သင်ယူလေ့ကျင့်ခဲ့မှုမှတ်တမ်းအား ဗီဒီယိုဖြင့် တင်ဆက်ပြသပြီးနောက် သူနာပြုသင်တန်းကျောင်းကျောင်းအုပ်ဆရာမကြီးနှင့် သူနာပြုဆရာမများ၊ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်တို့ကသင်တန်းသား /သူ(၈၁)ဦးတို့အား ဂျူတီကုတ်နှင့် သူနာပြုဦးဆောင်းများ အပ်နှင်းပေးခဲ့သည်။
ထို့နောက် သင်တန်းသား/သူများမှ သူနာပြုသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခြင်းနှင့် "ဂရုဏာအလင်း" သီချင်းဖြင့် ဖြေဖျော်ခဲ့ပြီးနောက် သင်တန်းသူတစ်ဦးက အားလုံးကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး၊ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)