သဲကုန်း ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်အဆင့် အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲတာဝန်ရှိသူများ၊ ပြည်ခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဥ်ယဥ်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှရွှေနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် မြို့နယ်အမျိုးသမီး ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သဲကုန်းမြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးကော်မတီ အတွင်းရေးမှူး ဒေါ်ဂျမ်းဂျမ်းအေးက အမျိုးသမီးကော်မတီအနေဖြင့် လုပ်ငန်းတာဝန်(၈)ရပ်ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်အဆင့် အမျိုးသမီးအခွင့်အရေးများဆိုင်ရာ အသိပညာပေးသင်တန်းဆွေးနွေးပွဲ၊ ဟောပြောပွဲများကို ကော်မတီဝင်များမှ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ အမျိုးသမီးများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ ထိခိုက်နစ်နာစေသော လူမှုဓလေ့ထုံးတမ်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့ခံရပါက မြို့နယ်အမျိုးသမီးကော်မတီထံ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ အကြမ်းဖက်မှုခံရပါက နောက်ဆက်တွဲစောင့်ရှောက်ရေးလုပ်ငန်းများနှင့် အမျိုးသမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား (Power Point) ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ် အမျိုးသမီးကော်မတီဝင်များက အကြံပြုဆွေးနွေးကြပြီး ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဥ်ဆုံးဖြတ်ချက်များချမှတ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)