ပဲခူး ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနနှင့် ပဲခူးမြို့နယ် ပညာရေးဌာနတို့မှ ပူးပေါင်းဖွင့်လှစ်သည့် ကျောင်းပြင်ပမူလတန်း ပညာရေး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ပဲခူးမြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်အေးသက်မော်က အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့်မရသည့် ကလေးများအား ပညာသင်ကြားနိုင်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ချက်များ၊ ဆောင်ရွက်ရန်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းပြင်ပမူလတန်း ပညာရေး မြို့နယ်ကြီးကြပ်ရေးမှူး ဆရာကြီးဦးကျောက ကျောင်းပြင်ပ ပညာရေးသင်ကြားရသည့် ရည်ရွယ်ချက်များ၊ အကြောင်းအရာများ၊ သင်ကြားရမည့်ပုံစံများ၊ သင်ကြားချိန်၊ ဘာသာရပ်များ၊ ပြည်သူများ ပူးပေါင်းပါဝင်ရေးများနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ကျောင်းပြင်ပ မူလတန်းပညာရေးအား ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး ဦးစီးဌာနနှင့် ပဲခူးမြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့်မရခဲ့သည့် ခလေးငယ်များ တစ်နေ့လျှင် (၂) နာရီခွဲဖြင့် အချိန်ပိုင်းပညာသင်ကြားနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး စာသင်သင်နှစ် တစ်နှစ်အတွင်း နာရီပေါင်း (၂၂၀) ပညာသင်ကြား ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)