စလင်း ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ဘီးဇပ်ကျေးရွာအုပ်စု ကြူဝန်းကျေးရွာ ကွင်းအမှတ် (၆၁၀) တောင်သူ ဦးခင်မောင်မြင့်၏ နွေစပါးစိုက်ခင်းတွင် ဆာပိုးသာစပါးများ စိုက်ပျိုးထားသည့် စိုက်ခင်းနေရာ၌ ယနေ့နံနက် (၉) နာရီအချိန်က စံကွက်ရိတ်သိမ်းပွဲကို ကျင်းပခဲ့သည်။
အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းရာ၌ (၁.၆၀) ဧက စံကွက်အား ရိတ်သိမ်းပြီး စိုက်ပျိုးရေးဦးစီးဌာန၏ ဝန်ထမ်းများ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၏ တွက်ချက်မှုအရ တစ်ဧကလျှင် အစို (၁၀၀.၅၆) တင်း ထွက်ရှိမည်ဟု ခန့်မှန်းသိရှိရပြီး ယခုနှစ်နွေစပါးစိုက်ပျိုးရာသီတွင် နွေစပါး လျာထား (၁၃၀၀) ဧကကို စိုက်ပျိုးရေးဦးစီးဌာနမှ လျာထားပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့၍ နွေစပါးစံကွက်ရိတ် သိမ်းရာသို့ စလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်လင်းနှင့် ဝန်ထမ်းများမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(မောင်လွင်)စလင်း