မောက်မယ်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

မောက်မယ် ဇူလိုင် ၄

ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ အတွေးအမြင်၊ အယူအဆများမှန်ကန်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေရန်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အားပေးလမ်းညွှန်ပြုနိုင်စေရန်၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများ စာပေဖတ်ရှုသည့်အလေ့အကျင့်ရရှိစေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့် ကျောင်းသား၊ကျောင်းသူများတို့က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ခိုင်ဇင်သော်က စာအုပ်တစ်အုပ်မှရရှိသော အသိပညာဗဟုသုတ အတွေးအမြင်များကို တစ်ဦးနှင့်တစ်ဦးမျဝေနိုင်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့် ကျောင်းသား၊ကျောင်းသူများတို့က တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြပြီးနောက်  ဒုတိယဦးစီးမှူးဒေါ်ခိုင်ဇင်သော်က စာအုပ်၏အနှစ်ချုပ်များကို ပြောကြားရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းသိရသည်။

အဆိုပါ စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် တစ်လတစ်ကြိမ် လစဉ်ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှသိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)