သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပ

သံတောင်ကြီး ဇူလိုင် ၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ပူးပေါင်း၍ ကျောင်းသူ၊ ကျောင်းသားများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် လမ်းစည်းကမ်းများကို သိရှိစေရန်အတွက် ယနေ့နံနက် (၁၀) နာရီအချိန်က သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ယာဉ်စည်းကမ်းလမ်းစည်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လိုအေးက အမှာစကားပြောကြားပြီး သံတောင်ကြီးမြို့မစခန်းမှ ဒုရဲအုပ် ဦးကျော်ဇင်လတ်က မီးပွိုင့်များတွင်တပ်ဆင်ထား သောလမ်းဆုံနေရာများတွင် လိုက်နာရမည့်အချက်များ၊ ယာဉ်ကွေ့ရာတွင် သတိပြုရမည့်အချက်များ၊ လမ်းဖြတ်ကူးရာတွင်ဆောင်ရန် ရှောင်ရန်များ၊ ယာဉ်များကျော်တက်ရာတွင် သတိပြုရမည့်အချက်များ၊ ဆိုးဝါးသောရာသီဉတု အခြေအနေကြောင့် မြင်ကွင်းရှင်းလင်းစွာမမြင်ရချိန်တွင် ပြုလုပ်ရမည့်အချက်များ စသည့်အကြောင်းအရာများ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသူ၊ ကျောင်းသားများက ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်ပတ်သက်၍ သိရှိလိုသည့် အကြောင်းအရာများအားမေးမြန်းရာ တာဝန်ရှိသူများ က ဖြေကြားပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ