ရှမ်းရွာသစ် ဇူလိုင် ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကလေးသူငယ်များ အာဟာရချို့တဲ့မှုများ လျော့နည်းပပျောက်စေရေး၊ အာဟာရလွန်ကဲမှုပြဿနာများ ကာကွယ်ရေးနှင့် အာဟာရပြည့်ဝမျှတစွာ သုံးစွဲနိုင်ရေးအတွက်ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များရှိအသက်(၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်နှင့်သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်တွင် ကျေးလက်ကျန်းမာရေး ဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက်(၅)နှစ်အောက်ကလေးများ အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများ ပိုမိုကောင်းမွန်စေရန်၊ ကလေးများအား မွေးစမှအသက်(၆)လအထိ သင့်တော်များဖြည့်စွက်စာများကို သင့်တင့်မျှတစွာကျွေးမွေးရန်၊ အာဟာရဖွံ့ဖြိုးရေးသည် ကလေးငယ်များအတွက် အရေးကြီးသည့် လိုအပ်ချက်တစ်ခု ဖြစ်သောကြောင့် အစာအာဟာရအုပ်စုများနှင့် အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိဘများအားလုံး ပူးပေါင်းပါဝင်ပေးရန်စသည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက်မြို့ပေါ်ရပ်ကွက်များရှိ အသက်(၅)နှစ်အောက် ကလေးငယ်များအား ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ အရပ်တိုင်းပေးခြင်း၊ မျက်စိအားကောင်းစေရန် ဗီတာမင်အေဆေးလုံးများ တိုက်ကျွေးခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်းနှင့် အာဟာရဖွံ့ဖြိုးမှုနည်းသော ကလေးငယ်များအား ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)