ပွင့်ဖြူ ဇူလိုင် ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ကမြို့မစည်ပင်သာယာဈေး၌ သား/ငါးရောင်းချသည့် ဈေးသည်များ သတ်မှတ်လုပ်ငန်းလိုင်စင် စည်းကမ်းချက်များနှင့်အညီ စနစ်တကျဈေးရောင်းချရေးနှင့် ဈေးဆိုင်ဝန်းကျင်သန့်ရှင်းရေး အလေးထားဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့မဈေးခေါင်းရုံး၌ သား/ငါး ရောင်းချသည့်ဈေးသည်များကို အသိပညာပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က ပွင့်ဖြူမြို့မဈေးအား ဈေးအင်္ဂါရပ်နှင့်အညီစဉ်ဆက်မပြတ် သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် ဈေးသူ၊ဈေးသားများအနေဖြင့် အသား၊ ငါးများနှင့်အခြားသော အခြေခံစားသောက်ကုန်ပစ္စည်းများရောင်းချရာ၌ စနစ်တကျထုပ်ပိုးရောင်းချရေး၊ ဈေးရောင်းပြီးချိန်တွင် ဈေးဆိုင်ခန်ဝန်းကျင်သန့်ရှင်းရေး အလေးထားဆောင်ရွက်ရေး ဆွေးနွေးပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က သား/ငါးဈေးသည်များ ဈေးရောင်းရာတွင် သတ်မှတ်ထားသော လုပ်ငန်းလိုင်စင်စည်ကမ်းချက်များနှင့်အညီ စနစ်တကျရောင်းချရန်၊ သား/ငါးဈေးဆိုင်ခန်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် အညစ်အကြေးများစနစ်တကျစွန့်ပစ်ရေးစသည့် သား/ငါးဈေးသည်များလိုက်နာရမည့် ဈေးစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဈေးသူ၊ဈေးသားများက မြို့မဈေးကြီးအာ စဉ်ဆက်မပြတ် သန့်ရှင်းသပ်ရပ်မှုရှိစေရန်အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ သား/ငါး လုပ်ငန်းလိုင်စင် စည်းကမ်းချက်များနှင့်အညီ စနစ်တကျရောင်းချနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြရာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )