ကျိုက်လတ်၌ ၂၀၂၄ခုနှစ် ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ)ထည့်သွင်းခြင်း ကွင်းဆင်းသရုပ်ပြ ဆောင်ရွက်

ကျိုက်လတ် ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ လယ်ယာမြေများတွင် နှစ်စဉ်စိုက်ပျိုးလျက်ရှိသော စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများစိုက်ပျိုးရာတွင် မြေဆီလွှာများရှိ အာဟာရဓာတ်များကိုဖြည့်ပေးရန် သဘာဝမြေဩဇာဖြစ်သော ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ)ကို လယ်မြေအတွင်းထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ဇူလိုင်လ(၃)ရက်၊ မွန်းလွဲပိုင်းက ကျုံကလွတ်ကျေးရွာရှိ တောင်သူဦးသိန်းဝင်း၏ လယ်မြေဧရိယာတွင် ပြုလုပ်ခဲ့သည်။

လယ်ယာမြေများတွင် ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ)စိုက်ပျိုးခြင်းဖြင့် အချိန်တိုကာလအတွင်း သစ်စိမ်းမြေသြဇာ၊ ဇီဝမြေသြဇာနှင့် သစ်ဆွေးဓာတ်များရရှိနိုင်၍ လယ်ယာမြေအတွင်းရှိ ပေါင်းပင်များကိုနှိမ်နင်းနိုင်ပြီး အကျိုးပြုအဏုဇီဝပိုးများ၊ မြေဆီလွှာအတွင်းရှိ အကျိူးပြုသက်ရှိများကိုလည်း အသက်ရှင်တိုးပွားစေနိုင်ကြောင်း၊ ဓာတ်မြေသြဇာသုံးစွဲမှုအားလျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့်ရေတို့ကို ဓာတုအဆိပ်သင့်မှုလျော့နည်းစေကာ မြေဆီလွှာ၏ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိူးကျေးဇူးများရရှိနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါ ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ)ထည့်သွင်းခြင်း သရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်း‌အောင်၊ မြို့နယ်စိုက်/တိုး/မြှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှုးများနှင့်တောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်