ပုသိမ် ဇူလိုင် ၄
၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူး၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က “ဣတ္ထိယပန်းခင်း” တေးသီချင်းဖြင့် နှုတ်ခွန်းဆက် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ယနေ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့သည် မြန်မာနိုင်ငံဒေသ အသီးသီးတွင် နေထိုင်ကြသည့် မြန်မာအမျိုးသမီးများအားလုံးအတွက် ထူးခြားလေးနက်သော နေ့တစ်နေ့ဖြစ်ပြီး ထူးချွန်သည့် အမျိုးသမီးများကို ဂုဏ်ပြုချီးမြှင့်သည့် နေ့ဖြစ်သည့်အတွက် မြန်မာအမျိုးသမီးများအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း၊ မြန်မာအမျိုးသမီးများ၏ ထူးချွန်ထက်မြက်သည့် စွမ်းဆောင်ရည်ကောင်းများ၊ လေးစားဂုဏ်ယူဖွယ်ဂုဏ်ဒြပ်များနှင့် အရေးပါသည့်အခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေရန် မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုကို အသိအမှတ်ပြု အလေးထားဂုဏ်ပြုသည့် အနေဖြင့် အခုကဲ့သို့ “မြန်မာအမျိုးသမီးများနေ့” ကို နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဂုဏ်ပြုအခမ်းအနားများ နှစ်စဉ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ ဖွဲ့စည်းခဲ့သည့်နေ့ကို နိုင်ငံတော်က မြန်မာအမျိုးသမီးများနေ့အဖြစ်သတ်မှတ်ခဲ့ပါကြောင်း၊ ကျား၊ မ တန်းတူညီမျှမှုရှိရန်နှင့် မြန်မာ အမျိုးသမီးအခွင့်အရေးများကို ပိုမိုမြှင့်တင်ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံက တတ်နိုင်သရွေ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် အမျိုးသမီးထုကြီးနှင့် အဖွဲ့အစည်းများကလည်း သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း”တိုက်တွန်းအမှာစကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Video Clip ပြသမှုနှင့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က “စေတနာဥယျာဉ်” သီချင်းဖြင့် သရုပ်ဖော် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ရာ ဝိဇ္ဇာဘာသာတွဲတွင် နိုင်ငံ့အဆင့် (၅)၊ တိုင်းဒေသကြီးအဆင့် (၂) ရရှိသူ၊ (၂၀၂၃) ခုနှစ်၊ (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဂီတာ(ရွှေတံဆိပ်)၊ ခေတ်ဟောင်းကာလပေါ်(ရွှေတံဆိပ်)၊ မဟာဂီတ (ကြေးတံဆိပ်)၊ စောင်းတီး(ကြေးတံဆိပ်)ရရှိသူ၊ (၂၀၂၃) ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲတွင် မီတာ (၅၀၀) ရွှေတံဆိပ်ဆုရရှိသူများ၊ (၂၀၂၃) ခုနှစ်၊ (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အခြေခံပညာ (၁၅-၂၀) စန္ဒယား (ရွှေတံဆိပ်) ဆုရရှိသူနှင့် ၂၀၂၄ ခုနှစ်၊ လယ်ယာ စီးပွားကဏ္ဍထူးချွန်တတိယအဆင့် ရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ ဝိဇ္ဇာဘာသာတွဲတွင် နိုင်ငံ့အဆင့် (၇)၊ တိုင်းဒေသကြီး အဆင့် (၃) ရရှိသူ၊ နိုင်ငံအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ၊ (၂၀၂၃) ခုနှစ်၊ (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အခြေခံပညာ(၁၀-၁၅) ဂီတာ (ရွှေတံဆိပ်) ရရှိသူ၊ (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဝါသနာရှင်ဒုတိယတန်း ဆိုင်းဝိုင်းကြီးအဖွဲ့လိုက် (ရွှေတံဆိပ်) ရရှိသူများ၊ (၂၀၂၃)ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလှေလှော်ပြိုင်ပွဲတွင် မီတာ (၂၀၀) ရွှေတံဆိပ်ဆု ရရှိသူများအား တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ ဝိဇ္ဇာဘာသာတွဲတွင် နိုင်ငံ့အဆင့်(၈)၊ တိုင်းဒေသကြီးအဆင့်(၄)ရရှိသူ၊ နိုင်ငံအဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ပထမဆုရရှိသူ၊ (၂၀၂၃) ခုနှစ်၊ (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဝါသနာရှင်ဒုတိယတန်း ဆိုင်းတစ်ဦးချင်း (ရွှေတံဆိပ်)၊ ပတ္တလား(ကြေးတံဆိပ်)ရရှိသူ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဗဟိုအဆင့်(ပထမဆု) ရရှိသူများကို အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ ဇနီးကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း နယ်ပယ်ကဏ္ဍအသီးသီးမှ ထူးချွန်စွာစွမ်းဆောင်နိုင်ခဲ့သည့် အမျိုးသမီးများအား တာဝန်ရှိသူအသီးသီးကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က မြန်မာအမျိုးသမီးလေးပါ" သီချင်းဖြင့် သီဆိုကပြဖျော်ဖြေခဲ့ပြီးနောက် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုပန်းခြင်းအား တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများနှင့် လက်မှုပညာထုတ်ကုန်ပစ္စည်းများ ပြသထားမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)