ကျွန်းလှ၌ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်

ကျွန်းလှ ဇူလိုင် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ကျွန်းလှမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာစေရန်အတွက် လစဉ်ဆုံဆို့နဲ့ မေးခိုင်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးပါတယ်။ ကျန်းမာရေးစစ်ဆေးမှုအနေနဲ့ ကိုယ်ဝန်စမ်းသပ်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ကိုယ်အလေးချိန်ချိန်ခြင်းများ ဆောင်ရွက်ပြီး အနေအထိုင်၊ အစားအစားမှန်ကန်စေရန် အသိပညာပေးလျက်ရှိပါတယ်” ဟု မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း၊ သက်ကြီးရွယ်အိုများအား ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)