သဲကုန်းမြို့နယ်တွင် မိုးရာသီစိုက်ပျိုးသီးနှံ မိုးမြေပဲ(၆၈၅၇)ဧကကျော် လျာထားစိုက်ပျိုးမည်

သဲကုန်း ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မိရိုးဖလာလုပ်ငန်းဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ် မိုးရာသီဆီထွက်သီးနှံအဖြစ် မြေပဲနှင့်နှမ်းသီးနှံများကို အဓိကထားစိုက်ပျိုးလျက်ရှိကြသည်။

သဲကုန်းမြို့နယ်တွင် ကျေးရွာအုပ်စု(၂၃)အုပ်စုရှိ ဒေသခံတောင်သူ(၁၂၃၆)ဦးမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆီထွက်သီးနှံဖြစ်သည့် မိုးမြေပဲမျိုးများဖြစ်သော ဗီယက်နမ်၊ ဆင်းပဒေသာ(၁၁)မျိုးများကို စိုက်ပျိုးထုတ်လုပ်ရန် လျာထားဧကမှာ (၆၈၅၇)ဧကရှိပြီး  နှစ်စဉ် မေလနှင့်ဇွန်လများတွင် စတင်စိုက်ပျိုးကြ၍ စိုက်ကျင်းဖော်စိုက်ပျိုးခြင်း၊ ပင်ထောင်မျိုးများကိုတန်းဆွဲ၍ စနစ်တကျစိုက်ပျိုး​ကြ​ပြီး ထွန်ရေး/ထယ်ရေးကောင်းမွန်ခြင်း၊ ရာသီဥတုမှန်ပါက အမြတ်များစွာရှိကြောင်း၊ စိုက်ပျိုးသည့်မြေယာ၊ ရာသီဥတုနှင့်အပင်ပြုစုမှုအပေါ်မူတည်၍ အထွက်နှုန်းများပြောင်းလဲမှုရှိကြောင်း၊ ပိုးမွှားများကြိုက်သည့် အပင်ဖြစ်သည့်အတွက် ပိုးသတ်ဆေးများ အထိုက်အလျောက် အသုံးပြုရကြောင်းသိရသည်။

သဲကုန်းမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ မိုးနှမ်း(ဆင်းရတနာ) (၆၂၈၈)ဧက၊ ပဲတီစိမ်း (ရေဆင်း၊ သြဇီ) (၄၄၉)ဧက၊ ပဲဇင်းငုံ(ရွှေဒင်္ဂါး) (၁၀၀၁)ဧက၊ ဝါ(ရာဏ ၆၆၆) (၇၅၀)ဧက၊ ဖူးစားပြောင်း(မြှားနီ၊ ပန်) (၂၅၂၉)ဧက၊ ငရုတ်(ကျောက်စိမ်း) (၅၅၃)ဧက၊ ပန်း(၇၆)ဧကနှင့် အခြားဟင်းသီးဟင်းရွက်သီးနှံ(၉၈၂၇)ဧက စိုက်ပျိုးရန် လျာထားလျက်ရှိပြီး ဒေသခံတောင်သူများအား ဝင်ငွေများတိုးပွားလာစေရန်နှင့်ဒေသတွင်း စားသုံးဆီဖူလုံမှုရှိစေရန်အတွက် စိုက်ပျိုးနည်းစနစ်များ အသိပညာပေးခြင်း၊ သွင်းအားစုများထောက်ပံ့ပေးခြင်း၊ လယ်ယာကဏ္ဍသီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး၊ တောင်သူတစ်ဦးချင်းစီ၏ဝင်ငွေနှင့် ဒေသဝမ်းစာဖူလုံမှုကို ပိုမိုတိုးတက်စေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)