ပွင့်ဖြူမြို့နယ် လက်ပံချည်ပေါ်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ ဇူလိုင် ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင်ပြုရန်ပုံငွေဖြင့် လက်ပံချည်ပေါ်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများက ကျေးရွာကုန်ထုတ်လမ်း ဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ လက်ပံချည်ပေါ်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းနှင့် ဆက်စပ်လုပ်ငန်းများ(၆၈)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်နေသည့် ကျေးလက်ကုန်ထုတ်လမ်းအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစေရေးနှင့် အချိန်မီပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းမှာ လမ်းအရှည် ၇ ဒသမ ၅၇၅  ဖာလုံ ၊ အကျယ် ၁၂ ပေ ၊ လမ်းအမြင့် ထုတစ်ပေ ၉ လက်မ မြေနီကျောက်စရစ်လမ်းအမျိုးအစား ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်းနှင့် Pipe Culvert ပေ ၂၀(၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၅၄ ဒသမ ၀၂၀ သန်း အသုံးပြု၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူပြီး ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်ဖြင့် ယခုနှစ်ဇွန်လ(၄)ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင်လုပ်ငန်းပြီးစီးမှု(၆၈)ရာခိုင်နှုန်း ဖောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ယင်းကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးပါက ကျေးရွာ(၅)ရွာရှိ ဒေသခံတောင်သူများ၏  စိုက်ပျိုးလယ်မြေ ဧက ၁၅၀ အတွက် ရာသီမရွေးအဆင်ပြေစွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်းနှင့် လယ်ယာထွက်ကုန်သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ကပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)