မုံရွာ ဇူလိုင် ၂
စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျထွန်းကားလာစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံဆောင်ရွက်ပေးခြင်းဖြင့် မြို့ပြနှင့်ကျေးလက်များအကြား၊ ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းစေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့ပြနှင့်ကျေးလက်နေပြည်သူများအတွက် အလုပ် အကိုင်အခွင့်အလမ်းများဖန်တီးပေးရာတွင် အသက်မွေးဝမ်းကျောင်းကာလတို သင်တန်းများသည် အမှန်တကယ်အလုပ်အကိုင်ဝင်ငွေရရှိစေမည့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ယခုနှစ်အတွင်း အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း ၅၅ ကြိမ်အား သင်တန်းသား/သူ(၁၁၀၀)ဦးတို့ဖြင့် ဖွင့်လှစ်ပို့ချရန်လျာထား၍ သင်တန်းတွင်စာတွေ့ ၃၀% လက်တွေ့ ၇၀ % သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ကာ သင်ကြားပေးခဲ့သော ပြုလုပ်နည်းများသည် ဈေးကွက်တွင် နေ့စဉ်စားသုံးနေကြသည့် စားသောက်ကုန်များ ဖြစ်ပါကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချသင်ကြားပေးလိုက်သည့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများအား အသုံးချ ပြီးမိမိတို့မိသားစုနေ့စဉ် ဝင်ငွေရခြင်းဖြင့် စားသောက်ကုန်မုန့်အမယ်များအား သွင်းကုန်အစား ထိုးနိုင်သကဲ့သို့ ပြည်ပ ထွက်ငွေစီးဆင်းမှုလျော့နည်း၍ နိုင်ငံ့စီးပွားအထောက်အကူပြုသည့် လုပ်ငန်းရှင်ကြီးများဖြစ်လာကြစေရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက သင်တန်းသူတစ်ဦးထံ သင်တန်းဆင်းလက်မှတ်များအားလည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက သင်တန်းသူတစ်ဦးထံ သင်တန်းမှရရှိသည့် ထုတ်ကုန်ပစ္စည်းများအားပေးအပ်ကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသူများ ကိုယ်တိုင်ပြု လုပ်ထားသော တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုးအား လိုက်လံကြည့်ရှုအားပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)