မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ (၁/၂ဝ၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မော်လမြိုင် ဇူလိုင် ၂

မွန်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ (၁/၂ဝ၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အစည်းအဝေးတွင် မွန်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းထားရှိပြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရန်အတွက် ပထမအဆင့်၊ ဒုတိယအဆင့်တို့ကို ဆောင်ရွက်ပြီးစီးပြီးဖြစ်၍ တတိယအဆင့်လုပ်ငန်းစဉ်ဖြစ်တဲ့ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းစဉ်ကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များကို ပြန်လည်ရှင်းလင်း ပို့ချပြီးဖြစ်ကြောင်း၊ လာမည့်အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာ ရင်း ကောက်ယူ ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ရာ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရန် ကျန်ရှိ သည့်စာရင်းများကိုလည်း ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လိုအပ်ပါက စာရင်းကောက်ရမည့် ရက်တိုးမြှင့်ကောက်ယူနိုင်ရေးနှင့် လုံခြုံရေးအပြည့်အဝရယူ၍ ကောက်ယူဆောင်ရွက်နိုင် ရေးတို့အတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အခွင့်အရေး မဆုံးရှုံးစေရေး၊ လူဦးရေစာရင်းတွင် အချက်အလက်များ ပြည့်စုံမှန်ကန်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မွန်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ မွန်ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူး ဦးမြတ်သွင်မှ အသက်(၁၈)နှစ်နှင့်အထက် အတည်ပြုလူဦးရေစာရင်းမှန်ကန်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား လည်းကောင်း၊ ကြီးကြပ်မှုကော်မတီ၊ အဖွဲ့ဝင် မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဒုတိယညွှန်ကြားရေးမှူးမှ မဲဆန္ဒရှင်စာရင်း ပြုစုရာတွင်အခြေခံအသုံးပြုမည့် အိမ်ထောင်စုလူဦးရေစာရင်းများ မှန်ကန်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ကြီးကြပ်မှုကော်မတီ၊ အတွင်းရေးမှူး မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတို့မှ ပြည်နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များမှ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီးအစည်းအဝေးသို့ တက်ရောက်လာသူများမှ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)