ချောင်းဆုံ ဇူလိုင် ၁
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးကြသည့် အကျိုးဆောင် တောင်သူများအနေဖြင့် ဒေသတွင်းဝမ်းစာစပါးဖူလုံစေရန်နှင့် မိသားစုဝင်ငွေ ပိုမိုရရှိရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယခုနှစ်အတွင်း မိုးစပါးစိုက်ဧက(၆၅၂၄၂)ဧက စိုက်ပျိုးရန် လျာထားလျက်ရှိရာ မိုးသီးနှံစတင်စိုက်ပျိုးချိန်မှ ဇူလိုင်လ(၁)ရက်နေ့အထိ မိုးစပါး (၃၃၅၂၀) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားချက်၏ (၅၁.၃၈)ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။
ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်တောင်သူများအနေဖြင့် အထွက်နှုန်း တိုးများစေရေးအတွက် မျိုးကောင်းမျိုးသန့်စပါးများ အသုံးပြုစိုက်ပျိုးနိုင်ရေး နည်းလမ်းများ၊ မြေဩဇာသုံးစွဲမှု စနစ်မှန်ကန်စေရေး၊ စပါးဖျက်ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေးစသည့် ပညာပေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ လျာထားချက်၏ စိုက်ပျိုးရန်ကျန်ရှိသည့် (၃၁၇၂၂)ဧကအား တောင်သူများ အချိန်မီ စိုက်ပျိုးနိုင်ရေးနှင့် မိုးစပါးစိုက်ပျိုးနိုင်မှု လျာထားချက်ပြည့်မီကျော်လွန်စေရေး တာဝန်ရှိသူများမှ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကျော်(ချောင်းဆုံ)