မင်းလှ ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကိုရီးယားသစ်တောဌာနနှင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် FD-KFS REDD+ စီမံကိန်းနှင့် မင်းလှမြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မိုးရာသီသစ်ပင်စိုက် ပျိုးပွဲတော်အား ယမန်နေ့နံနက်ပိုင်းက မင်းလှမြို့နယ်၊ ရွှေဝါမြိုင်ပျိုးဥယျာဉ်တွင် စိုက်ပျိုးခဲ့သည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ သာယာဝတီခရိုင်လက်ထောက်ညွှန်ကြားရေးမှူး၊ မင်းလှမြို့နယ်နှင့် လက်ပံတန်းမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိများနှင့် သစ်တောဝန်ထမ်း (၂၂) ဦး၊ ကျေးရွာများမှ ဒေသခံပြည်သူ (၇၅) ဦး စုစုပေါင်း (၉၇) ဦးတို့ဖြင့် ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ပိတောက်၊ ယမနေ၊ သရက်၊ ပိန္နဲ၊ မာလကာ စုစုပေါင်း (၁၇၉၃) ပင်တို့အား တစ်ပျော်တစ်ပါးစိုက်ပျိုးခဲ့ပြီး၊ တက်ရောက်လာသော ဒေသခံပြည်သူများကို သစ်တောထိန်းသိမ်းခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)