ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ရွှေကူမြို့၌ မြစ်ရေကြီးမှုအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးလိုက်လံနှိုးဆော်

 ရွှေကူ ဇူလိုင် ၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံဦးတိုးတိုးထွန်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ရေဘေးကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်မှုကို ဇူလိုင်(၁)ရက် နံနက်(၁၀)နာရီခန့်မှစတင်၍ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ဧရာဝတီမြစ်ကမ်းနံဘေးတစ်လျှောက်ရှိ ရပ်ကွက်/ ကျေးရွာများသို့ လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါနှိုးဆော်မှုတွင် ရွှေကူမြို့အတွင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက်(၉)နာရီခွဲအချိန်တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည်(၈၃၈)စင်တီမီတာသို့ရောက်ရှိနေပြီး ရွှေကူမြို့၏စိုးရိမ်ရေအမှတ်မှာ (၉၃၀)စင်တီမီတာဖြစ်ပါသောကြောင့် စိုးရိမ်ရေအမှတ်သို့ရောက်ရှိရန် (၃)ပေကျော်ခန့်သာလိုကြောင်းနှင့် ဧရာဝတီမြစ်ရေသည် ရွှေကူမြို့၏ စိုးရိမ်ရေအမှတ် အထက်သို့ရောက်ရှိနိုင်ပါသဖြင့် အနိမ့်ပိုင်းရပ်ကွက်များ ၊ မြစ်ကမ်းနံဘေးတွင် နေထိုင်ကြသူ ပြည်သူများအနေဖြင့် လူ၊ ပစ္စည်း၊ ကျွဲ၊ နွား၊ တိရိစ္ဆာန်များအား ရေဘေးလွတ်ရာနေရာသို့ ပြောင်းရွေ့ထားကြရန်နှင့်  ရေဘေးကြိုတင်ကာကွယ်ရေးအတွက်  ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြပါရန် အသိပေးနှိုးဆော်ခဲ့ကြသည်။

မြို့နယ်၊ပြန်/ဆက်