မိုးကောင်းမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

မိုးကောင်း ဇူလိုင် ၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူပေါင်းကျင်းပသော မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကို လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှစိုးမေက အဖွင့်အမှာစကား ပြောကြားပြီး အဖွဲ့ဝင် ဒေါ်လီလီဆွေက အမျိုးသမီးများအခွင့်အရေးနှင့်ပတ်သက်သည့် အကြောင်း အရာများအား အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော (၆) ဘာသာ ဂုဏ်ထူးရှင်နှင့် မြန်မာအမျိုးသမီး များနေ့အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးဆုရရှိသူများ၊ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုအသီးသီးချီးမြှင့်ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် လူကုန်ကူးခြင်းဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်တို့အား တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)