မိုင်းကိုင် ဇွန် ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ အ.ထ.က (မိုင်းကိုင်) ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Grade-12) အောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲနှင့် အထက်တန်းဆင့်သင်ယူပြီးမြောက်ကြောင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့ နေ့လည်ပိုင်းက အ.ထ.က (မြတ်သီရိခန်းမ) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က (မိုင်းကိုင်) ကျောင်းသားကျောင်းသူလေးများ၏ လမ်းပြကြယ်သီချင်းသီဆိုဖျော်ဖြေ၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းခင်ထွေးရီတို့က အမှာစကားပြောကြားပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မြင့်သန်းက အထက်တန်းဆင့်သင်ယူမှု ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် တန်းစာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူ (၆) ဦး၊ အထက်တန်းအဆင့် ပြီးမြောက်ကြောင်း လက်မှတ်ရရှိသော ကျောင်းသားကျောင်းသူ (၁၇) ဦးနှင့် ဘာသာရပ်အသီးသီးတွင်သင်ကြားပို့ချပေးခဲ့သော ဆရာဆရာမများအား ဂုဏ်ပြုဆု၊ အထက်တန်းဆင့်ပြီးမြောက်ကြောင်းလက်မှတ်နှင့် ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြင့်ခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)