မြိတ်မြို့တွင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများ အပြည့်အဝကောက်ခံ ရရှိရေးအတွက် အခွန်ပညာပေး ရှင်းလင်း ဆွေးနွေး

မြိတ် ဇွန် ၂၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ မြို့နယ်အတွင်းရှိအခွန်ထမ်းလုပ်ငန်းရှင်များအား နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများအပြည့်အဝ ကောက်ခံရရှိရေးနှင့် နှစ်စဉ်ထုတ်ပြန်လျက်ရှိသည့် ပြည်ထောင်စု အခွန်အကောက်ဥပဒေပါ ပြဌာန်းချက်များကို အခွန်ထမ်းပြည်သူများအား သိရှိနိုင်စေရန်အတွက် ယမန်နေ့က မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် အခွန်ပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။

အခွန်ပညာပေးရှင်းလင်းရာတွင် မြိတ်မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးထက်နေဟိဏ်းက အခွန်ထမ်းဆောင် ထိုက်သူများ အခွန်လွတ်ကင်းမှုမရှိစေရေးနှင့် အခွန်လွတ်ကင်းနေသော စီးပွားရေးလုပ်ငန်းများကိုတားဆီးတည့် မတ်လိုက်နာဆောင်ရွက်နိုင်စေရေးနှင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများ အပြည့်အဝကောက်ခံရရှိခြင်းဖြင့် နိုင်ငံတော်မှ ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် အခန်းကဏ္ဍများတိုးတက်ရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်‌ကြောင်း ရှင်းလင်းပြောကြားသည်။

ထိုနောက် တက်ရောက်လာကြသည့် အခွန်ထမ်းလုပ်ငန်းရှင်များက လုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်းကြရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲသို့ လုပ်ငန်းရှင် (၉၇) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)