နမ့်စန်(တ) ဇွန် ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်စည်းရုံးရေးကိစ္စရပ်များအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်မိရပ်ဖပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့နေ့လည် ၁၁ နာရီက လွိုင်ယဲကျေးရွာအုပ်စု၊ တိုင်းကောင်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများက တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့်ပတ်သက် ဆက်နွယ်မှုမရှိစေရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများလွယ်ကူစွာပြုလုပ်နိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုသရေးဆိုင်ရာကိစ္စများ၊ မြေပိုင်ဆိုင်မှုနှင့်မြေအသုံးချမှုဆိုင်ရာများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လွိုင်ယဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလုံးမောင်နှင့် ရပ်မိရပ်ဖများ၊ ကျေးရွာ (၁၃) ရွာမှပြည်သူများ တက်ရောက်ခဲ့ပြီး တက်ရောက်လာကြသော ကျေးလက်နေပြည်သူများကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဆေးကုသပေးခြင်း၊ မြို့နယ်လဝကဦးစီးမှူး ဦးမောင်မောင်ဇော်နှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း လဲလှယ်ခြင်းနှင့်အသစ် ပြုလုပ်ပေးခြင်းစသည်တို့ကို ဆောင်ရွက်ပေးခဲ့ပြီး တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
သူရအောင် (နမ့်စန်)