လိပ်သို ဇွန် ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အခြေခံပညာကျောင်းများရှိ အသက် (၇) နှစ်အောက် KG ကျောင်းသား/ကျောင်းသူများအား ဆုံဆို့-မေးခိုင် ကာကွယ်ဆေး (DT) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးမထိုးနှံမီ လိပ်သိုတိုက်နယ် ကျန်းမာရေးဌာနမှ ဒေါ်နော်ဇင်မေထွေး (MW)က မြေကြီး၊ ဖုန်မှုန့်၊ ညစ်ပတ်သည့် ရေထဲတွင် မေးခိုင်ရောဂါဖြစ်စေသည့် ဘက်တီးရီးယားပိုးမွှား များရှိနေကြောင်း၊ ဘက်တီးရီးယားပိုးမွှားများသည် သေချာမကာကွယ်ထားသည့်အနာနှင့် ဒဏ်ရာများမှတစ်ဆင့် လူ့ခန္ဓာကိုယ်သို့ ဝင်ရောက်ကူးစက်ကြောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အသက် (၇) နှစ်အောက် KG ကျောင်းသား/ကျောင်းသူများအား ဆုံဆို့-မေးခိုင်ကာကွယ်ဆေး (DT) ထိုးနှံပေးရာ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၄၀) ဦး၊ အ.မ.က မာဒေးကျောင်းမှ (၂) ဦး၊ အ.မ.က ခမရ (၆၀၃) မှ (၄) ဦး၊ အ.မ.က ကျောင်းကုန်းမှ (၉) ဦး၊ အ.မ.က သစ်ခွတောင်မှ (၂) ဦး အ.လ.က အလယ်ချောင်းမှ (၃) ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၆၀) ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)