အင်္ဂပူ ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကျွဲသောင်ကျေးရွာ၊အခြေခံပညာအထက်တန်းကျောင်း (ကျွဲသောင်) ကျောင်းခန်းမတွင် ယမန်နေ့ နေ့လည်ပိုင်းက ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းတို့ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က (ကျွဲသောင်) ကျောင်းအုပ်ကြီး (ကိုယ်စား) တာဝန်ခံဆရာဦးဇော်မင်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီသီရှိန်က လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်စကားဝိုင်းကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီသီရှိန်နှင့်အတူ မသော်တာမင်းစည် G-11 လူငယ်နှင့်အားကစား မအေးမြတ်စံ G-10လူငယ်နှင့်စာကြည့်တိုက် မစုမြတ်အောင် G-9 လူငယ်နှင့်မူးယစ်ဆေး မဇူးမြတ်သော် G-7 လူငယ်နှင့်စည်းကမ်း စသည့်ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာသောကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင်ပါဝင် ဆွေးနွေးကြသည့်ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များပြသပေးခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)