ပွင့်ဖြူ ဇွန် ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ရွာသာယာကျေးရွာ၌ ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဖော်ဆောင်နိုင်ရေး စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ဝင်များ ရွေးချယ်ဖွဲ့စည်းခြင်းကို ဇွန် ၂၈ ရက်၊ နံနက်ပိုင်းက အဆိုပါကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ ဆောင်ရွက်မည့် လုပ်ငန်းအမျိုးအစားများနှင့် အကျိုးကျေးဇူးများ၊ စီမံကိန်းလုပ်ငန်း ဖော်ဆောင်ရန်အတွက် သင်တန်းပို့ချပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက စီမံကိန်းလက်စွဲစာစောင်ပါ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၏ တာဝန်ဝတ္တရားများနှင့် အကျိုးခံစားခွင့်များ၊ ရန်ပုံငွေထုတ်ချေးရာ၌ အကျုံးဝင်သော လုပ်ငန်းအမျိုးအစားများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာသည့် ကျေးရွာသူ၊ ကျေးရွာသားများ၏ သဘောဆန္ဒနှင့်အညီ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင် (၇) ဦးကို အတည်ပြု ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုဘဏ္ဍာနှစ်တွင် ရွာသာယာကျေးရွာနှင့် ဘုရားကုန်းကျေးရွာရှိ ဒေသခံကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရန် ရည်ရွယ်၍ ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် သိန်း (၃၀၀) စီဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)