မုဒုံမြို့၌ Rubber Wood ကုမ္ပဏီများမှ ပင်အိုခုတ်လှဲခွင့်ရတောင်သူများသို့ ရော်ဘာပျိုးပင်ပေးအပ်ခြင်းအခမ်းအနား မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

မုဒုံ ဇွန် ၂၈

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် Rubber Wood ကုမ္ပဏီများမှ ပင်အိုခုတ်လှဲခွင့်ရ တောင်သူများသို့ ရော်ဘာပျိုးပင်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ) ၌ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ နိုင်ငံတော်အတွက် စီးပွားရေးအရ အရေးပါသော သီးနှံဖြစ်သည့် ရော်ဘာကို ပြည်နယ်အတွင်း ပိုမိုတိုးချဲစိုက်ပျိုးနိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ရော်ဘာစိုက်ဧရိယာများအနက် မွန်ပြည်နယ်သည် ရော်ဘာစိုက်ဧက အများဆုံးဒေသဖြစ်ရာ (၂၀၂၃-၂၀၂၄) ခုနှစ်တွင် စိုက်ဧကငါးသိန်းကျော် စိုက်ပျိုးထားရှိကာ တစ်နိုင်ငံလုံး၏ စိုက်ဧရိယာ (၃၀ ဒသမ ၈၈) ရှိ၍ ရော်ဘာ အစေးလှီးဧရိယာ (၃၅ ဒသမ ၁၅) ရာခိုင်နှုန်းဖြစ်ကြောင်း၊ ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ရော်ဘာအခန်းကဏ္ဍသည် အဓိကပါဝင်နေသောကြောင့် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်တည်တံ့ရေးအတွက် အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်နယ်၏ စိုက်ဧရိယာများတွင် (၉၀) ရာခိုင်နှုန်းသည် ဒေသခံတောင်သူ ရော်ဘာခြံရှင်ငယ်များ ဖြစ်သည့်အတွက် ရော်ဘာစိုက်ပျိုးမှု အထွက်နှုန်းတိုးတက်ရေး၊ အရည်အသွေးမြင့်မားရေး၊ တည်ငြိမ်သောစျေးနှုန်းရရှိစေ​ရေးတို့အတွက် သက်ဆိုင်ရာများမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက Rubber Wood ကုမ္ပဏီများမှပံ့ပိုးသည့် ရော်ဘာပျိုးပင်များအား ပင်အိုခုတ်လှဲခွင့်ရ ရော်ဘာစိုက် တောင်သူများထံပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)