ဖြူး ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း တစ်မျိုးသားလုံး ကျန်းမာစေဖို့ ကျောင်းကျန်းမာရေး ဆောင်ရွက်ကြစို့ဟူသော ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများ ကျန်းမာပြီးပျော်ရွှင်စွာ စာသင်ကြားနိုင်စေရေးအတွက် ရည်ရွယ်ကာ ကျောင်းကျန်းမာရေး လှုပ်ရှားမှုများ ဆောင်ရွက်နေလျက်ရှိရာ ဇွန်လ (၂၆) ရက်နေ့၊ မွန်းလွဲပိုင်းက အ.ထ.က (၂) ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး အသိပညာ ဟောပြောခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် KG တန်း/မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေ သန့်ရှင်းရေး ကျန်းမာရေးစစ်ဆေးပေးပြီး အလယ်တန်း/အထက်တန်း အဆင့် ကျောင်းသား/ကျောင်းသူများအား ခြင်ကိုက်ခံရမှုကြောင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေး ရောဂါအကြောင်း၊ ဆင်ခြေထောက်ရောဂါအကြောင်း၊ ငှက်ဖျားရောဂါအကြောင်းများကို ဖြူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံအုပ်ကြီးဒေါက်တာ အောင်ကျော်မိုးနှင့် ငှက်ဖျားတိုက်ဖျက်ရေး တာဝန်ခံ ဦးဇော်လင်းမောင်တို့က အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)