ဖျာပုံ ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးမှူးများနှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ဆယ်ကျော်သက်များအား မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် သလိပ်ကြီးကျေးရွာ၊ အ.လ.က(သလိပ်ကြီး)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆယ်ကျော်သက်များအား မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် ဖျာပုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ နော်ဆာဝါးကြည်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာကို ကြိုစားသင်ယူကြရန်နှင့် ကျောင်းသား၊ ကျောင်းသူများအား ဆယ်ကျော်သက်များအား မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာအကြောင်းအရာများအား အသိပညာပေးဟောပြောသည်။
ထို့နောက် ဖျာပုံခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဦးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်ယူချိန်တွင် စာကို ကြိုးစားကြစေလိုကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်၏ ဆိုးကျိုးများအကြောင်း အသိပညာပေးပြောကြားပြီး သလိပ်ကြီးကျေးရွာ ကျေးလက်ကျန်းမာရေးသားဖွားဆရာမနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးအကြောင်းသိကောင်းစရာများအား အသီးသီးဆွေးနွေးပြောကြားကြသည်။
အဆိုပါ ဆယ်ကျော်သက်များအား မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ ဖျာပုံခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဖျာပုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အ.လ.က(သလိပ်ကြီး)ကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်