မြို့သစ် ဇွန် ၂၆
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇွန်လ ၂၄ ရက် မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့ဝင်များဖြစ်သည့် ဆရာ ဦးတင်မောင်ဝင်း၊ ဦးမြင့်ကြည်တို့က စာရေးဆရာ ရန်ကုန်ဘဆွေရေးသားသည့် “မြန်မာပြည်သား” စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားရာ တက်ရောက်လာသည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ Grade–8 ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)