ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်)သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ကြံခင်း ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း၊ ခရိုင်မှ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်၊ ကလို့ကွင်းအုပ်စုရှိ   အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်) သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း၊ ခရိုင်များမှ တာဝန်ရှိသူများအား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများက ကြိုဆိုကြပြီး၊ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(ချင်းမြောင်)ရှိ အလျား(၁၇၄)ပေ၊ အနံ(၃၂)ပေ၊ RC သုံးထပ်ကျောင်းဆောင်သစ်အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ တိုင်းပညာရေးမှူးရုံး ညွှန်ကြားရေးမှူး(စီမံ) ဒေါက်တာကျော်စိုးနိုင်နှင့် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီးနောက်၊ စုပေါင်းမှတ်တမ်းတင်ရိုက်ကူးကြပြီး၊ ကျောင်းဆောင်သစ်ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းကာ  ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် အဆိုပါကျောင်းဆောင်ပညာရတနာခန်းမအတွင်း အခမ်းအနားကျင်းပရာ  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊    ကျောင်းသား/သူများကို ကျောင်းသုံးဗလာစာအုပ်၊ စာရေးကရိယာများ ထောက်ပံ့ပေးပြီးနောက်၊ (Datail Land)ကုမ္ပဏီဒါရိုက်တာ ဦးမြင့်ဆွေက ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် မှတ်တမ်းများကို တိုင်းဒေသကြီးပညာရေးမှူးရုံးမှ  ညွှန်ကြားရေးမှူး  (စီမံ)ဒေါက်တာကျော်စိုးနိုင်အား လွှဲပြောင်းပေးအပ်ပြီးနောက်၊  (Datail Land) ကုမ္ပဏီဒါရိုက်တာက အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်)ကျောင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမင်းက  လက်ခံရယူပြီး၊ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးနောက် အခမ်းအနားပြီးမြောက်ပါသည်။

ဆက်လက်ပြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကြံခင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမတွင် ၂၀၂၄ ခုနှစ်၊ မွေးဖွားမှု/သေဆုံးမှု စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း အစည်းအဝေးသို့ တက်ရောက်ပြီး   မြို့နယ်မွေးဖွားမှုနှင့်သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်(လဝက)ရုံး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးနှင့် စာရေးများဖြင့် တွေ့ဆုံပါသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးတင်မြိုင်က မွေးဖွား/သေဆုံးမှု လူဦးရေစာရင်းကောက်ယူသည့်ပုံစံနှင့် ပြီးစီးမှုအခြေအနေအား တင်ပြပါသည်။ ယင်းနောက် တိုင်းဒေသကြီးဦးစီးမှူး  ညွှန်ကြားရေးမှူး ဦးအောင်ဝင်းသိန်းက မွေးဖွားမှု/သေဆုံးမှု လူဦးရေစာရင်းအားပန်းခင်းစီမံချက်(၃)ဖြင့် စနစ်တကျ တိုးတက်/လျှော့နည်းမှုစာရင်းများ မှန်ကန်စွာ ကောက်ယူနိုင်ရေးနှင့်ပတ်သက်၍ ပြောကြားပါသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က မွေးဖွားမှု/သေဆုံးမှု လူဦးရေစာရင်း စနစ်တကျကောက်ယူခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ သက်ဆိုင်ရာ ရပ်ကွက်/အုပ်စုများအလိုက် မြေပြင်ကောက်ယူထားမှုအခြေအနေအား တာဝန်ရှိသူများက တင်ပြရာ၊ စာရင်းအမှန်ရရှိရေး ပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)