အင်းတော်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

အင်းတော် ဇွန် ၂၆

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အင်းတော်မြို့ အခြေခံပညာအထက်တန်းကျောင်း(အင်းတော်)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိမိတို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသူ/ကျောင်းသားများအား မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများကို အခါအားလျော်စွာ ပြသဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းသူ/ကျောင်းသားများအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်များကို သိရှိနားလည်ပြီး မူးယစ်ဆေးဝါး၏ သားကောင်များအဖြစ်မှ ကင်းဝေးစေနိုင်ရေး၊ နိုင်ငံတော်၏ အားကိုးအားထားပြုရမည့် လူချွန်လူကောင်းများ ပေါ်ထွက်လာနိုင်ရေးအတွက် ယခုကဲ့သို့ အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကျော်သီဟက ပြောပြခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်ဂရိန်နှင့် မြို့နယ်ပညာရေးမှူး ဦးဝင်းသိန်းတို့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အင်းတော်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲဗလ လှတင့်နှင့် အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိတို့က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ အင်းတော်မြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းခိုင်က School Garden, Home garden အကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းအခမ်းအနားသို့ အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်သီဟ