ပန်းတောင်း ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကျောင်းအခြေပြုသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် သံချဆေးတိုက်ကျွေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ အချိန်က အ.ထ.က (ပန်းတောင်း) ကျောင်းခန်းမ၌ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးက ပထမအကြိမ် “သန်ချဆေး” တိုက်ကျွေးရခြင်းနှင့် ပတ်သက်၍ ရရှိသောအကျိုးကျေးဇူးများ၊ ဆင်ခြေထောက်ရောဂါကာကွယ်ဆေးတိုက်ကျွေးရေးနှင့် ပတ်သက်၍လည်းကောင်း၊ ကျောင်းကျန်းမာရေး အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း ဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးသိန်းဒန်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား/သူလေးများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/ဆရာမက သံချဆေးတိုက်ကျွေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)