မင်းဘူး ဇွန် ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ်စိုက်ပျိုးရာသီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသတွင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု တစ်ဧကအထွက်နှုန်း တိုးတက်ရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ စိုက်နည်းတို့ကိုအခြေခံ၍ စိုက်ပျိုးနည်းပညာပေး မျိုးသန့်ပွားလုပ်ငန်းအဖြစ် သီးနှံစုံစံပြကွက်နှင့် စမ်းသပ်ကွက် စိုက်ဧကပေါင်း ၆၆ ဧကကို တောင်သူပညာပေး စိုက်ပျိုးထားရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ထိုသို့ စိုက်ပျိုးရာတွင် ယခုနှစ်မိုးရာသီ၌ မျိုးသန့်ပွား စံပြကွက်များအဖြစ် မိုးမြေပဲကို ဧက ၂၀၊ မိုးနှမ်းကို ၈ ဧက၊ မိုးပဲတီစိမ်းကို ဧက ၂၀၊ ပဲစဉ်းငုံကို ၁၅ ဧက နှင့်အတူ စမ်းသပ်ကွက် ၃ ဧက အပါအဝင် စုစုပေါင်း ၆၆ ဧကကို စိုက်ပျိုးထားကြောင်း၊ ဆက်လက်၍ မိုးနှောင်းချည်မျှင်ရှည်ဝါနှင့် မိုးနေကြာတို့အား မျိုးသန့်ပွားများရေးနှင့် တစ်ဧကအထွက်နှုန်းတိုးတက်ရရှိရေး စံပြကွက်စိုက်ခင်းများကိုလည်း တောင်သူပညာပေးလုပ်ငန်းအဖြစ် ထပ်မံစိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်း သီးနှံစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် တစ်ဧကအထွက်နှုန်း တိုးတက်ရရှိနိုင်ရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းတို့ကို အခြေခံ၍ စိုက်ပျိုးနည်းပညာပေး စံပြကွက်နှင့် စမ်းသပ်ကွက်လုပ်ငန်းများအား စိုက်ပျိုးချိန် ရာသီအလိုက်စိုက်ပျိုးထားရှိကာ သီးနှံအမျိုးအစားအလိုက် အကျိုးဆောင်တောင်သူများနှင့်အတူ ပူးပေါင်းပြီး တောင်သူပညာပေးလုပ်ငန်းများကိုလည်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။
ယခုနှစ် မိုးရာသီသီးနှံစိုက်ပျိုးမှုကာလတစ်လျှောက် အဆိုပါ သီးနှံစိုက်တောင်သူများ၏ စိုက်ပျိုးမြေများ၌ စိုက်ပျိုးနည်းပညာများကို အခြေခံ၍ ဆောင်ရွက်ထားရှိပြီး အခြေခံသီးနှံများ အထွက်နှုန်းတိုးတက်ရရှိရေး မျိုးသန့်ပွားစံပြကွက်နှင့် စမ်းသပ်ကွက်လုပ်ငန်းများအတွက် သွင်းအားစုပစ္စည်းများအဖြစ် ကွန်ပေါင်းဓါတ်မြေဩဇာ (၅၀ ကီလို) ၂၉ အိတ်၊ ရွက်ဖြန်းဆေး လီတာဗူး ၃၂ ဗူးနှင့် ပိုးမွှားရောဂါ ကာကွယ်ဆေး (၅၀၀ စီစီ) ၂၁ ဗူးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ထောက်ပံ့ပေးထားကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် အဆိုပါ မျိုးသန်ပွားစံပြကွက်နှင့် စမ်းသပ်ကွက် ၆၆ ဧကအပြင် သီးနှံစုံ စိုက်ဧကပေါင်း ၂၀၃၈၇၁ ဧက စိုက်ပျိုးသွားရန် စီမံကိန်းလျာထားဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ ၁၂၂၆၈၂ ဧကအထိ စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)