မြန်အောင် ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများသည် ယမန်နေ့နံနက်က မြန်အောင်မြို့ အောင်ဇေယျခန်းမတွင် မြန်အောင်ခရိုင် ၂၀၂၄- ၂၀၂၅ ခုနှစ် မိုးစပါးနှင့်ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မျိုးစေ့၊ Drum-Seeder ၊ သွင်းအားစုများ ပေးအပ်ပွဲသို့ တက်ရောက်အားပေးခဲ့ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးရေးကို အဓိကထားဆောင်ရွက်သည့် တိုင်းဒေသကြီးဖြစ်ပြီး မြန်အောင်ခရိုင်အနေဖြင့် စပါးနှင့်ပဲမျိုးစုံကို ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးစားဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ သစ်စိမ်းမြေသြဇာထည့်သွင်းစိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က မြန်အောင်ခရိုင်အတွင်း မိုးစပါးနှင့်ပဲမျိုးစုံ စိုက်ပျိုးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက မြန်အောင်ခရိုင် မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှ မိုးစပါးစိုက်တောင်သူများအား မျိုးစေ့ချကိရိယာ (Drum-Seeder)များ၊ ဆီထွက်သီးနှံ မျိုးစေ့များနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသော တောင်သူများအား သွင်းအားစုများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ မြန်အောင်ခရိုင် ဒေသခံတောင်သူများကိုယ်စား မြန်အောင်မြို့နယ်မှ တောင်သူဦးဝင်းနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)