သထုံ ဇွန် ၂၆
မွန်ပြည်နယ်၊ သထုံခရိုင် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မုန်တိုင်းဘေးအန္တရာယ်ဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နိုင်ရေး စုပေါင်းဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြသည်။
ဇာတ်တိုက်လေ့ကျင့်ရာတွင် သထုံခရိုင် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ဦးဆောင်သည့် ခရိုင်နှင့်မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များက မုန်တိုင်းသတိပေးကြေငြာခြင်း၊ မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်သည့် ကြိုတင်သတိပြုစရာများ အသိပေးနှိုးဆော်ခြင်း၊ ဘေးလွတ်ရာ ယာယီကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းခိုလှုံခြင်း၊ အန္တရာယ်ကျရောက်နေသူများအား နည်းလမ်းအမျိုးမျိုးဖြင့် ရှာဖွေကယ်ဆယ်ခြင်း၊ ထိခိုက်ဒဏ်ရာရသူများအား ရှေးဦးသူနာပြုစုခြင်း၊ ဘေးလွတ်ရာသို့ ရောက်ရှိသူများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှု၊ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ခြင်းစသည့် မုန်တိုင်းဘေးမဖြစ်ပွားမီ၊ ဖြစ်ပွားဆဲနှင့် ဖြစ်ပွားပြီးနောက် စနစ်တကျဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက် သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်ရာသို့ ခရိုင်နှင့်မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ လူမှုကူညီရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့် အခြေခံပညာကျောင်းအသီးသီးမှ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အင်အား ၇၅၀ ဦးခန့် တက်ရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)