ပေါင်းတည် ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့မွန်းလွဲပိုင်းက သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် လက်လီလက်ကား ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုသည် စားသုံးသူ ပြည်သူများအနေဖြင့် သင့်တင့်မျှတသော စျေးနှုန်းဖြင့် အခြေခံစားသုံးကုန်များ ဝယ်ယူစားသောက်နိုင်ရေးအတွက် ရည်ရွယ်၍ သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း အခြေခံစားသုံးကုန်ဆန်များကို စျေးကွက်အတွင်းရှိ လက်လီလက်ကားဆန်ဆိုင်များက လိုက်နာဆောင်ရွက် ရောင်းချပေးမှု ရှိ၊ မရှိကို တာဝန်ရှိ သက်ဆိုင်ရာ ဌာနများ ပူးပေါင်းအဖွဲ့က ဆန်စျေးနှုန်းများ စုံစမ်းစစ်ဆေးကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုပူးပေါင်းအဖွဲ့က ဆန်ရောင်းချသူများ၏ လုပ်ငန်းလိုင်စင်များ၊ ဆန်သိုလှောင်ထားရှိမှုမရှိစေရေး၊ ဆန်အမျိုးအစားအလိုက် ရောင်းချလျက်ရှိသော စျေးနှုန်းများ၊ ဆန်အမျိုးအစားစစ်မှန်စေရေးနှင့် တစ်နေ့တာ ပျှမ်းမျှရောင်းချမှုပမာဏအခြေအနေများကို စုံစမ်းစစ်ဆေးကြည့်ရှုဆောင်ရွက်ခဲ့ကြပြီး သတ်မှတ်ထားသည့် သင့်တင့်မျှတသော ရည်ညွှန်းစျေးဖြင့်သာ ရောင်းချကြရေးနှင့် စျေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းမပြုရန်တို့ကို သတိပေးမှာကြားခဲ့ကြကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)