စစ်တွေ ဇွန် ၂၅
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများ ကိုသင်္ဘောများဖြင့် ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်းတွင် MV Royal Venus သင်္ဘောဖြင့် ရန်ကုန်မြို့မှ လူသုံးကုန်ပစ္စည်းများနှင့် တည်ဆောက်ရေးပစ္စည်းများရောက်ရှိလာမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
MV Royal Venus သင်္ဘောတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မှာယူသည့် ဆန်၊ စက်သုံးဆီနှင့် စားသောက်ကုန်များ၊ တည်ဆောက်ရေးသုံးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း ၂၀၈၃ ဒသမ ၄၄ တန် တင်ဆောင်၍ စစ်တွေမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။
အဆိုပါပစ္စည်းများအား လူအင်အား၊ စက်ယန္တရားအင်အားများအသုံးပြုကာ ကုန်တင်ကုန်ချပြုလုပ်နေမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရောက်ရှိလာသော ကုန်ပစ္စည်းများအား စနစ်တကျ အတင်အချပြုလုပ်နိုင်ရေး၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး၊ သိုလှောင်ထိန်းသိမ်းရောင်းချခြင်းမပြုစေရေး၊ လိုအပ်မှုမရှိသောနေရာများသို့ မရောက်ရှိစေနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါဆိပ်ကမ်း၌ အမ်ဗွီ-ရဲထွန်းအောင်၊ အမ်ဗွီ-အောင်ရတနာ သင်္ဘောတို့မှ ဆန်နှင့်စားသောက်ကုန်ပစ္စည်းများအား အတင်အချပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စစ်တွေဖောင်တော်ကြီးဆိပ်ကမ်းသို့ သွားရောက်ပြီး အမ်ဗွီ-ရွှေရည်ဝတ်မှုန် သင်္ဘောပေါ်မှ လူသုံးကုန်ပစ္စည်းများ အတင်အချပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)