ပဲခူး ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာဘော်လီဘော လူမှုရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဘော်လီဘော အားကစားဝါသနာရှင်ပရိတ်သတ်များက အမျိုးသားဘော်လီဘောပြိုင်ပွဲ အုတ်တွင်းမြို့နယ်အသင်းနှင့် ရွှေကျင်မြို့နယ်အသင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ညောင်လေးပင်အသင်းနှင့် ပဲခူးတက္ကသိုလ်အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ဒိုင်အဖွဲ့အားဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုငွေတို့ကို မြန်မာဘော်လီဘောလူမှုရေးအသင်းဥက္ကဋ္ဌ ဦးရဲနိုင်ကလည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ အကောင်းဆုံးအားကစားသမားဆုရရှိသူအား အတွင်းရေးမှူး ဦးဇော်လွင်ဦးကလည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ တတိယဆုရရှိသော တောင်ငူတက္ကသိုလ်အသင်း၊ ဒုတိယဆုရရှိသော ညောင်လေးပင်မြို့နယ်အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများကို မြန်မာဘော်လီဘောလူမှုရေးအသင်း ဒုတိယဥက္ကဋ္ဌများနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့မှလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြပြီး အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ပထမရရှိသော ပဲခူးတက္ကသိုလ်ဘော်လီဘောအသင်းအတွက် တစ်ဦးချင်းဆုတံဆိပ်အား စီးပွားရေးရာဝန်ကြီး၏ ဇနီးကလည်းကောင်း၊ ပထမဆုဖလားနှင့် ငွေသားဆုကျပ် (၁၂)သိန်းအား ပဲခူးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်ကလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ အကောင်းဆုံး အားကစားသမားဆုရရှိသူအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးအေးမောင်ကြည်ကလည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲ တတိယရရှိသော တောင်ငူပညာရေးဒီဂရီကော်လိပ်အသင်းနှင့် ဒုတိယရရှိသော အုတ်တွင်းမြို့နယ် အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ဥပဒေချုပ်နှင့် လူမှုရေးရာဝန်ကြီးတို့ကလည်းကောင်း၊ ပထမရရှိသော ရွှေကျင်မြို့နယ် အမျိုးသားအသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပထမရရှိသော ရွှေကျင်မြို့နယ်အမျိုးသားအသင်းအား ပထမဆုဖလားနှင့် ငွေသားဆု ကျပ်(၂၀)သိန်းတို့အား ပေးအပ်ချီးမြှင့်ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲအား ဇွန်လ(၂၀)ရက်နေ့မှ (၂၅)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားဘော်လီဘောအသင်း (၉)သင်း၊ အမျိုးသမီးဘော်လီဘော အသင်း (၅)သင်း၊ စုစုပေါင်း (၁၄)သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)