ဂန့်ဂေါ ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အ.ထ.က(ဂန့်ဂေါ)ကျောင်း ပုံညာခန်းမ၌ ကျောင်းသား/သူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများ ပြည့်ဝစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အ.ထ.က(ဂန့်ဂေါ)ကျောင်းအုပ်ဆရာကြီး ဦးရာထွန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် ကျောင်းသား/သူများအနေဖြင့် ကျောင်းတွင်သင်ကြားခဲ့သည့် ကျောင်းစာအပြင် အသိပညာတိုးပွားစေမည့် သုတ/ရသ စာအုပ်များကိုပါ ဖတ်ရှုလေ့လာရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စာဖတ်ဝိုင်းကိုကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေမျိုးသူရက ဦးဆောင်၍ ကျောင်းသား/သူ (၇)ဦးလျှင် တစ်ဖွဲ့နှုန်းဖြင့် (၄)ဖွဲ့ခွဲ၍ စာရေးဆရာလယ်တွင်းသားစောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်မှ "မိဘဆရာရိုသေပါ၊ သုတစာပေဖတ်ပါစေနှင့် ကိုယ်ကျင့်ကောင်း၍ စိတ်ကောင်းရှိပါစေ" ခေါင်းစဉ်အသီးသီးဖြင့်ဖတ်ရှုကာ အသိပညာဗဟုသုတရရှိမှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီးအခမ်းအနားသို့ တက်ရောက်လာသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)