ဒေးဒရဲ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာတိုးပွားစေရေးနှင့် သတိထားရှောင်ကြဥ်ရမည့် မူးယစ်ဆေးဝါး အန္တရာယ်များကို သိရှိနိုင်စေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် အခြေခံပညာအလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲအား ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိနားလည်နိုင်စေရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲမှူး သိန်းလှိုင်က မူးယစ်ဆေးဝါးစတင် ဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း အကြောင်းအရင်းများ၊ ကျောင်းသားလူငယ်များ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဥ်နိုင်ဖွယ်အချက်များ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကို အကျယ်တဝင့် ဟောပြောခဲ့သည်။ ဆက်လက်ပြီး မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးမော်က မူးယစ်ဆေးဝါးအန္တရာယ် ဝိုင်းဝန်းကာကွယ်ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ဟောပြောပွဲအပြီးတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု အထိမ်းအမှတ် အခြေခံပညာအလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီသီးပေးအပ်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲအပြီးတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး စာအုပ်စာစောင်များ၊ ဓာတ်ပုံများနှင့် နံရံကပ်စာစောင်များအား စိတ်ဝင်တစား လေ့လာခဲ့ကြကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)