ကျိုက်မရော၌ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ အသိပညာပေးဟောပြော

ကျိုက်မရော ဇွန် ၂၅

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူပြည်သူများ၏ အခွင့်အရေးများနှင့်တာဝန်များအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်က ရှင်စောပုရပ်ကွက်ရှိ မေသရဖူပရဟိတ အသင်းရုံး၌ ပြုလုပ်သည်။

ဦးစွာ မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းများနှင့် စားသုံးသူ၏အခွင့်အရေးများ၊ စားသုံးသူ၏ တာဝန်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရှင်းလင်းဟောပြောပြီး စားသုံးရန်မသင့်သော အစားအစာများ၊ ရက်လွန်အစားအစာများနှင့် အသင့်စား စားသောက်ကုန်များနှင့်ပတ်သက်၍ ရှောင်ရန်အချက်များကို ရှင်းလင်းဟောပြောခဲ့သည်။

ယင်းနောက် တက်ရောက်လာသော ပြည်သူများ၏ သိရှိလိုသော မေးခွန်းများကို စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးစိုးညီညီက စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့် ကုန်ညွှန်းအမှတ်သားများအကြောင်း ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျိုက်မရောမြို့နယ်အတွင်းမှ အလတ်စားနှင့်အသေးစားလုပ်ငန်းရှင်များ၊ ရှင်စောပုရပ်ကွက်မှ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)