အင်္ဂပူမြို့နယ်၊ အ-ထ-က(မှန်ကုန်း)တွင် လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

အင်္ဂပူ ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မှန်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (မှန်ကုန်း) ကျောင်းခန်းမတွင် ဇွန် ၂၃ ရက်နေ့ နေ့လယ်ပိုင်းက ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပ‌သော လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းတို့ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အ-ထ-က(မှန်ကုန်း) ကျောင်းအုပ်ကြီး(ကိုယ်စား) တာဝန်ခံဆရာ ဦး‌ဇော်မင်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီသီရှိန်က လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စကားဝိုင်းကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီသီရှိန်နှင့်အတူ Grade-12 မှ မောင်‌ဟိန်းထက်က လူငယ်နှင့်အားကစား၊ Grade-12 မှ  မပုံပုံ့က လူငယ်နှင့်ကျန်းမာ‌ရေး၊ Grade-11 မှ မောင်အောင်မင်းသန့်က လူငယ်နှင့်ပညာ‌ရေး၊ Grade-11 မှ  မနှင်းစပယ်မိုးက  လူငယ်နှင့်မီဒီယာ၊ Grade-11 မှ မောင်ထက်မြက်အောင်က လူငယ်နှင့်မူးယစ်‌ဆေးဝါး၊ Grade-10 မှ မခိုင်ဇာထက်က လူငယ်နှင့်အင်တာနက်စသည့် ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်များပြသပေးခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်အသိပညာ‌ပေး လက်ကမ်းစာစောင်းများ ဖြန်‌ဝေခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)