မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ ကိုယ်ကာယကြံခိုင်မှု အေရိုးဗစ်ပြိုင်ပွဲ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြိတ် ဇွန် ၂၅

မြိတ်တက္ကသိုလ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်‌စေရန်၊ ကျောင်းသား/သူများ ကျန်းမာကြံ့ခိုင်စေရန်နှင့် အဖွဲ့အလိုက်စည်းလုံးညီညွတ်မှု ရရှိစေရန်အတွက် ဘာသာရပ်ပေါင်းစုံ ကိုယ်ကာယကြံ့ခိုင်မှု အေရိုးဗစ်ပြိုင်ပွဲ၊ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို တက္ကသိုလ်အားကစားခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ကျောင်းသား/သူများ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ အချိန်ကိုတန်ဖိုးထား၍ အကျိုးရှိစွာ အသုံးချတတ်ပြီး အားကစားစိတ်ဓာတ်ရရှိလာကြစေရန်၊ အားကစားကို ချစ်မြတ်နိုးတတ်လာစေရန်၊ ကျန်းမာကြံ့ခိုင်မှုကို အထောက်အကူဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် ကိုယ်ကာယကြံ့ခိုင်မှု အေရိုးဗစ်သင်တန်းဖွင့်လှစ်ခြင်းဖြစ်ပြီး ပြိုင်ပွဲကျင်းပခြင်းဖြစ်သည်။

ပြိုင်ပွဲကို မြိတ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမိုးမိုးလွင်မှ အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းဆင်း ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်အသင်းများမှ ကိုယ်ကာယကြံ့ခိုင်မှု အေရိုးဗစ်အားကစားကို (၅) ယောက်တွဲ ယှဉ်ပြိုင်ခဲ့ကြရာ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာ/မများနှင့် ကျောင်းသား/ သူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဘာသာရပ်ပေါင်းစုံမှ သင်တန်းဆင်း ကျောင်းသား/သူများ စုပေါင်း၍ အေရိုးဗစ်အားကစား အလှပြဖျော်ဖြေခဲ့ကြပြီး သင်တန်းနည်းပြ (၂) ဦးအား ဂုဏ်ပြု လက်ဆောင်နှင့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ၊ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများအား ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါသင်တန်းကို ဇွန် (၁၂) ရက်မှ (၂၅) ရက်နေ့ အထိဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၄၇) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )