ထားဝယ်မြို့တွင် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ထားဝယ် ဇွန် ၂၅

၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းအုန်းက နေ့စဉ်လူနေမှုဘဝတွင် အအေးပေးနည်းပညာများ၏ အရေးပါမှုအပေါ် လူသားများ ပိုမိုသတိပြုမိလာစေရန်နှင့် ရေခဲသေတ္တာ၊ လေအေးပေးစက်၊ အပူပေးပစ္စည်းများ၏ သရုပ်ကိုပိုမိုထင်ရှားစေရန်ရည်ရွယ်ပြီး ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ကို ၂၀၁၉ ခုနှစ်မှစတင်၍ နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့တိုင်း ကျင်းပလျက်ရှိကြောင်း၊ အိုဇုန်းလွှာပျက်စီးမှုနှင့် ကမ္ဘာကြီးပူနွေးမှုကို လျှော့ချပေးနိုင်မည့် နည်းလမ်းများ၊ အအေးပေးပစ္စည်းများ စနစ်တကျစီမံခန့်ခွဲရာတွင် ကန့်သတ်ချက်၊ တားမြစ်ချက်များ အပြည့်အဝလိုက်နာဆောင်ရွက်ကြရန်၊ အအေးပေးပစ္စည်းများကြောင့် လူသားများ အကျိုးကျေးဇူးများစွာခံစားကြရသည့်အတွက် အိုဇုန်းလွှာပျက်စီးမှုနှင့် ကမ္ဘာကြီးပူနွေးမှုကို မဖြစ်ပေါ်စေရေးဒြပ်ပစ္စည်းများအား အစားထိုးသုံးစွဲကြရန် ဗဟုသုတများကို မိမိပတ်ဝန်းကျင်၊ မိမိမိသားစုဝင်များကို ထပ်ဆင့်မျှဝေပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ပပမင်းက "အပူချိန်ထိန်းညှိ နည်းပညာတိုးတက်ရေး၊ အလေးထားဆောင်ရွက်ပေး" ခေါင်းစဉ်ဖြင့် အအေးပေးပစ္စည်းများ၏ အရေးပါပုံ၊ အအေးပေးပစ္စည်းအမျိုးအစားများ၊ အအေးပေးပစ္စည်းများ၏ ရာသီဥတုပြောင်းလဲမှုအပေါ် သက်ရောက်ခြင်းများ၊ အအေးပေးပစ္စည်းများကို တာဝန်ယူမှုရှိစွာသုံးစွဲသင့်ပုံများအား အသိပညာပေးဟောပြောပြီး တက်ရောက်လာသူများအား ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်ဗီဒီယိုအားပြသသည်။

ဆက်လက်၍ တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အခြေခံပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ် ဆရာများလက်စွဲ စာအုပ်များကို ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူပြီးတာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

ထားဝယ်ခရိုင် (ပြန်/ဆက်)