ကျောက်ဆည် ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများလူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့် ကျေးလက်ကွာဟမှုမရှိစေရေးအတွက် ကျေးလက်လမ်းများ၊ တံတားများ တည်ဆောက်ခြင်း/ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ ပြည်သူများလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ငါးလုံကုန်ကျေးရွာအဝင် မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ငါးလုံကုန်ကျေးရွာအဝင်လမ်းသည် အရှည်ပေ(၀/၄)မိုင်ရှိပြီး ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်လမ်းနှင့် ငါးလုံကုန်းကျေးရွာတို့အား ဆက်သွယ်ထားသည့်လမ်းဖြစ်ကြောင်းနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ(၂၀၂.၅၅)ကျပ်သန်း အကုန်အကျခံကာ လူထုရှေ့ဆောင်ကုမ္မဏီမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများသတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ ဆောင်ရွက်နိုင်ရေး ယမန်နေ့နံက်ပိုင်းက ကျောက်ဆည်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးမှ မြို့နယ်တာဝန်ခံနှင့် QCတာဝန်ခံတို့မှ လူထုရှေ့ဆောင်ကုမ္မဏီမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း၍ လမ်းစစ်ဆေးတိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး ၂၀၂၄-၂၀၂၅ ယဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုငွေနှင့် တိုင်းဒေသကြီးခွင့်ပြုငွေ (ငွေလုံးငွေရင်း)၊ (၁၅၄၂.၂၅၁)ကျပ်သန်းဖြင့်ဖြင့် ကျေးလက်လမ်း(၉)လမ်း၊ Box Culvert နှင့် ရေကျော်အပါအဝင် စုစုပေါင်းလုပ်ငန်း(၁၃)ခုအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်