သထုံ ဇွန် ၂၅
မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့၊ နံနက်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့ကို ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ ကျောင်းသားကျောင်းသူများနှင့် မူးယစ်ဆေး၏ အန္တရာယ်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးကြောင့် ဖြစ်ပေါ်သည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများနှင့် အသိပညာဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြခြင်းဖြင့် အနာဂါတ်ကာလ၌ အသိပညာကြွယ်ဝသည့် နိုင်ငံသားကောင်းများ ဖြစ်လာနိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးဟောပြောသည်။
ထို့နောက် ကျောင်းသူကျောင်းသားတို့က သိလိုသည်တို့ကို ပြန်လည်မေးမြန်းဆွေးနွေးကြပြီး သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ သိကောင်းစရာစာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ၊ ဓာတ်ပုံမှတ်တမ်းများတို့ကို စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြသည်။
အဆိုပါအခမ်းနားသို့ ဘင်လှိုင်ရပ်ကွက်၊ ဝါးတော အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာ/ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)