နတ်မောက်မြို့နယ်၌ ချည်မျှင်ရှည်ဝါမျိုးစေ့နှင့် နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

နတ်မောက် ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ချည်မျှင်ရှည်ဝါမျိုးစေ့နှင့် နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၉) နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

အဆိုပါ မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ အရည်အသွေးကောင်း ဝါမျိုးများ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုနှင့် မျိုးစေ့ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များ၊ သီးနှံအရည်အသွေး၊  အထွက်နှုန်း၊ ဈေးကွက်အခြေအနေနှင့် တောင်သူများ၏ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းရေး သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ဒေသထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ တောင်သူများ၏ လူမှုစီးပွားရေးဘဝ တိုးတက်မြင့်မားလာရေးတို့အတွက် မျိုးကောင်းမျိုးသန့်များအား ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (၂၀၂၄-၂၀၂၅) ခုနှစ်မိုးရာသီတွင် ချည်မျှင်ရှည်ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားမှုအတွက် အထွက်နှုန်းတိုးတက်ရေးအပြင် ဧရိယာတိုးချဲ့ စိုက်ပျိုးရေးကို ဆောင်ရွက်လျက်ရှိရာ ချည်မျှင်ရှည်ဝါစိုက်ပျိုးမည့် တောင်သူများအတွက် ချည်မျှင်ရှည်ဝါ ရွှေတောင်-၁၀ မျိုးစေ့ဧက (၂၅၀၀) နှင့် ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်ခြင်းနှင့် အထူးဇုန်ဧရိယာများအတွက် နေကြာမျိုးစေ့အိတ် (၁၀၀) တို့ကို ဒေသခံတောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လှဝင်း(ပြန်/ဆက်)