ခရမ်း ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder) ဖြင့် မိုးစပါးလက်တွေ့ စိုက်ပျိုးပြသခြင်းကို ယနေ့နံနက် ၈ နာရီက ခရမ်းမြို့ အမှတ် (၇)ရပ်ကွက် ကွင်းအမှတ် (၇၈၃ A/N)၊ ဦးပိုင်အမှတ် (၂၀/၂) သပြေကုန်းအနောက် ဧက (၆) ဧကရှိ တောင်သူ ဦးချစ်ညီညီပိုင် လယ်မြေ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဌေးမောင်က (Seeder) စပါးမျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများဖြစ်သည့် တစ်ဧကမျိုးစေ့နှုန်းသက်သာခြင်း၊ လုပ်အားကုန်ကျစရိတ်သက်သာခြင်း၊ လုပ်ငန်းချိန်မြန်ဆန်ခြင်း၊ ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ အချိန်နှင့်တပြေးညီ စိုက်ပျိုးနိုင်ခြင်း၊ ရိတ်သိမ်းရန်လွယ်ကူခြင်း၊ ဝင်ငွေတိုးတက်စေခြင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တောင်သူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
အဆိုပါ မိုးစပါးလက်တွေ့စိုက်ပျိုးပြသပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးရေးနည်းပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ကိုမင်း (ခရမ်း)